နှင်းခူရောဂါ ဘာကြောင့်ဖြစ်သလဲ
အဖြစ်များတဲ့ အရေပြားရောဂါတွေထဲမှာ နှင်းခူရောဂါကလည်း တစ်ခုအပါအဝင်ပါ။ နှင်းခူဟာ အေးတဲ့ရာသီတွေမှာ ပိုဖြစ်တတ်ပြီး အရေပြားဟာ ရောင်ယမ်းယားယံ အက်ကွဲခြောက်သွေ့နာကျင်ပြီး ငါးအကြေးခွံလိုတွေ ဖြစ်လာတာပါ။
အရွယ်မရွေး ဖြစ်တတ်ပေမယ့် ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တချို့တွေမှာ အရေပြားအကွက်လိုက်လေးပဲ ဖြစ်ပေမယ့် တချို့မှာတော့ တစ်ကိုယ်လုံး ဖြစ်တာမျိုးလည်း ရှိပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ဖြစ်တဲ့ နေရာကလည်း တူချင်မှ တူမှာပါ။
အဖြစ်များတဲ့ နေရာတွေကတော့ ကလေးတွေမှာဆိုရင် တံတောင်ဆစ်၊ ဒူးနောက်ဘက်၊ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်တွေမှာ အဖြစ်များပြီး လူကြီးတွေမှာဆိုရင် မျက်နှာ၊ ဒူးအနောက်ဖက်၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တွေ လက်တွေမှာ အဖြစ်များပါတယ်။
နှင်းခူဘာကြောင့် ဖြစ်သလဲ?
နှင်းခူဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိကြပေမယ့်လည်း နှင်းခူကို ဖြစ်စေ၊ ပိုဆိုးစေတဲ့ အကြောင်းတချို့ရှိပါတယ်။
- ဓာတ်မတည့်တာတစ်ခုခုကို ကိုယ်ခံအားစနစ်က တိုက်ထုတ်ခြင်း
- မျိုးရိုးဗီဇ
- စိတ်ဖိစီးမှု
- ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေနဲ့ ဓာတ်မတည့်တာ၊
- ပူလွန်းအေးလွန်းပြီး ခြောက်သွေ့တဲ့ ရာသီဥတု
- တိရိစ္ဆာန်တွေရဲ့ အမွှေးတွေ၊ သန်းတွေ
- မာကျောကြမ်းတမ်းတဲ့ အဝတ်စတွေ
- အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ အအေးမိခြင်း
- ချွေးထွက်လွန်းတာ
- အစားအစာတစ်ခုခုနဲ့ ဓာတ်မတည့်တာ စတာတွေကြောင့် နှင်းခူရောဂါ ထကြွနိုင်ပါတယ်။
နှင်းခူဟာ ပျောက်ကင်းနိုင်တဲ့ ရောဂါလား??
နှင်းခူဟာ လုံးဝကင်းစင်ပျောက်ကင်းနိုင်တဲ့ရောဂါ မဟုတ်တဲ့အတွက် အခွင့်အခါသင့်ရင် ပြန်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ပေါ်မလာအောင်တော့ ထိန်းထားနိုင်တဲ့ရောဂါပါ။
နှင်းခူက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးနိုင်သလား??
နှင်းခူဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်တဲ့အတွက် ကူးစက်ခံရမှာ စိတ်ပူစရာမလိုပါဘူး။
နှင်းခူရောဂါရှိရင် ဘာတွေသတိထားမလဲ??
မပျောက်ကင်းနိုင်ပေမယ့် ထကြွမလာအောင် ဂရုတစိုက်ထိန်းသိမ်းလို့ ရပါတယ်။
- အရေပြားခြောက်သွေ့ခြင်းကင်းအောင် သံလွင်ဆီ၊ ရှားစောင်းလတ်ပတ်တို့လို ကိုယ်နဲ့တည့်မယ့် moisturizer ပုံမှန်လိမ်းပါ။
- ရုတ်တရက် အပူချိန် ပူလွန်း၊ အေးလွန်းခြင်း မဖြစ်အောင် သတိထားပါ။
- ချွေးထွက်မများအောင် ဂရုပြုပါ။
- စိတ်ဖိစီးမှုများ တတ်နိုင်သလောက် လျှော့ချပါ။
- ဓာတုပစ္စည်းများစွာ ပါဝင်တဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်များ သုံးခြင်းမှ ရှောင်ပါ။
- ထိခိုက်လွယ်တဲ့ အသားအရေအတွက် သီးသန့်ပြုလုပ်ထားတဲ့ skin care များ ရွေးချယ်ပါ။
- ကိုယ်နဲ့ ဓာတ်မတည့်နဲ့ အရာဝတ္ထု၊ အစားအစာတို့ကို သေချာစွာ မှတ်သားထားပါ။
- ပျော့ပြောင်းနူးညံ့ လေဝင်လေထွက် ကောင်းသော ချည်ထည်များကို ရွေးချယ် ဝတ်ဆင်ပါ။
- အခန်းတွင်းလေထုခြောက်သွေ့မှုကို ကာကွယ်ရန် ရေငွေ့ထုတ်စက် (humidifier) သုံးပါ။
နှင်းခူဖြစ်ရင် ရောင်ယမ်းယားယံနီရဲတာတွေ ပျောက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာတတ်ပြီး အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရင်ရွှေရည်